ကန်ကြီးထောင့်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာ ရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ကန်ကြီးထောင့်  ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကန်ကြီးထောင့်မြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  ကျန်းမာရေးအသိပညာပေး ဟောပြောပွဲအား ယမန်နေ့ နံနက် ၉နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာဗဟုသုတများ တိုးပွားစေရန် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွှန့်ဇော်နှင့် ကျန်းမာရေးကြီးကြပ် ဒေါ်တင်တင်ဦးတို့က  ကျန်းမာစွာနေထိုင်နည်းများ၊ အစာအာဟာရအုပ်စုများ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ လက်ဆေး နည်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မိုးတွင်းကာလ ကလေးငယ်များတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့​ပြီး တက်ရောက်လာသူ ကျောင်းသားကျောင်းသူများအား အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။ ထို့နောက်ကျောင်းသား ကျောင်းသူလေးများအား ကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရ သေးသောကျောင်းသားကျောင်းသူဘေးများအား  ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်အနေဖြင်ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုကို ကျန်းမာရေးဝန်ထမ်းများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ အခြေခံပညာ ကျောင်းများတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဓိကလုပ်ငန်းစဉ်များဖြစ်သည့် ကျန်းမာရေးအသိပညာပေးရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေး ကျောင်းအခြေပြုရောဂါ ကာကွယ်ရေး၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး၊ အစားအစာများအန္တရာယ် ကင်းဝေးစေရေးနှင့် ကျောင်းကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မဇင် (ပြန်/ဆက်)