မြိတ် ဩဂုတ် ၂1
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ ဒေသဝမ်းစာစပါးဖူလုံမှုရှိစေရေးအတွက် ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့နယ် ကျွဲကူးကျေးရွာရှိ စိုက်ပျိုး ရေးနည်းပညာပြန့်ပွားရေးစင်တာတွင် ဩဂတ် ၁၉ ရက်နေ့က ကျင်းပသည့် စပါးစိုက်တောင်သူများအား တွေ့ဆုံ၍ စျေးနှုန်း ချိုသာစွာဖြင့် ဓါတ်မြေသြဇာ ဖြန့်ဖြူး ပေးခြင်းနှင့် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်မည့်တောင်သူများအား ထောက်ပံ့ငွေများပေး အပ်ပွဲသို့တက်ရောက်၍ တောင်သူများ၏ အခက်အခဲတင်ပြချက်များအား ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကို က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး၏ ဒေသဝမ်းစာဖူလုံရေးအတွက် ဝိုင်းဝန်းဆောင် ရွက်ပေး ကြရန်နှင့် နိုင်ငံတော်အစိုးရအနေနှင့်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဘဏ္ဍာရန်ပုံငွေများ ချမှတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
စိုက်ပျိုးရေးကဏ္ဍ ထွက်ကုန်များကို အခြေပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ဒေသရေမြေ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံအမယ်သစ်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တောင်သူများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ စပါးအထွက်နှုန်းတိုးတက်ပြီး တိုင်းဒေသကြီး အတွင်းရှိ မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများအားလုံး ဆန်ရေစပါးအတွက် စိတ်မပူရအောင် ဒေသဝမ်းစာ ဖူလုံရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် စိုက်ပျိုးရေးဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်အင်ကြင်းခိုင်က မိုးစပါးနှင့်နွေစပါး စိုက်တောင်သူများကို ယူရီးယားဓါတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြင့်ဖြန့်ဖြူးခြင်းနှင့် အဆင့်မြင့်လယ်ယာမြေဖော်ထုတ်မည့် တောင်သူများအား စိုက်ပျိုးစရိတ် ထောက်ပံ့ပေး အပ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြပြီး တောင်သူများ ကိုယ်စား သဘွတ်ကျေးရွာမှ တောင်သူ ဦးကိုကိုနိုင် က ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက အဆင့်မြင့် စက်မှုလယ်ယာ စနစ်ဖော်ဆောင်မည့် လယ်ဧက များအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေများ၊ စမ်းဝတီ သဘာဝမြေဩ ဇာများကို တောင်သူများအား ထောက်ပံ့ ပေးအပ်ပြီး ယူရီးယားဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာ စွာဖြင့် ဖြန့်ဖြူးပေးကြသည်။ ထိုနောက် တောင်သူများက စပါးစိုက်ပျိုးရိတ်သိမ်းခြွေလှေ့မှု အခက်အခဲများအား တင်ပြခဲ့ကြရာ ဝန်ကြီးချုပ်က ဒေသဝမ်းစာဖူလုံမှု ရှိရေးနှင့် စပါးအထွက်နှုန်း တိုးတက်စေရေးအတွက် တင်ပြချက်များအပေါ် ရိတ်သိမ်းခြွေလှေ့စက်၊ လယ်ထွန်စက်နှင့် လယ်များတွင် ရေငန်မဝင်ရောက်နိုင်စေရေးနှင့် ချောင်းကော မြောင်းကောများ ရေစီးရေလာ ကောင်းမွန်ရေး ဖြည့်ဆည်းပေး၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။
ယင်းနောက် စမ်းဝတီသဘာဝမြေသြဇာကဲ့သို့ မြိတ်ဒေသတွင် သဘာဝမြေသြဇာရရှိနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ စပါးသီးနှံအတွက် သဘာဝမြေဩ ဇာနှင့် ဓါတ်မြေဩဇာ အချိုးကျရောစပ်၍သုံးစွဲနည်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) အကြောင်း သိကောင်းစရာများနှင့် ပိုးသတ်ဆေးကိုင်တွယ် သုံးစွဲရာ၌ လိုက်နာဆောင်ရွက်ရမည့်အချက်များကို စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူပညာပေး ဆောင်ရွက်ထားရှိမှုအားဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ကြည့်ရှုအား ပေးခဲ့ကြပြီး မိုးစပါး မျိုးသန့် မျိုးပွား မျိုးစေ့ ထုတ် စိုက်ခင်းတွင် စမ်းဝတီ သဘာဝမြေဩဇာ အချိန်ကိုက် အချိုးကျ ထည့်သွင်း အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )