ငပလီ ဩဂုတ် ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၌၊ ငပလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ငပလီမြို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ငပလီမြို့ပေါ်ရှိ မိဘပြည်သူများ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ် ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် ယမန်နေ့ မြန်မာစံတော်ချိန် ၄ နာရီ ၃၀ မိနစ်အချိန် တိုင်းတာထွာချက်အရ ယမန်နေ့မှ (၂၀-၈-၂၀၂၂)ရက်နေ့ အတွင်း မုန်တိုင်းငယ်၏ အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ကာ မိုးသက်လေပြင်းများကျစဉ် ရေပြင် မြေပြင်လေသည် တစ်နာရီလျှင် (၄၀)မိုင်နှုန်းထိ တိုက်ခတ်နိုင်ပါသည်၊ လှိုင်းအမြင့်မှာ (၉)ပေမှ (၁၃)ပေအထိ ရှိမည်၊ သို့ဖြစ်ပါ၍ ကမ်းရိုးတန်း တစ်လျှောက်ရှိ ခရီးသည်တင်ယာဉ်များနှင့် ငါးဖမ်းလှေများ အနေဖြင့် ရေလမ်းခရီး သွားခြင်းများ မပြုကြရန်၊ ရေကြီးခြင်း မြေပြိုခြင်းများ ဖြစ်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့ နိုင်ရေးအတွက် ကြိုတင် စီမံထားရှိကြရန် စသည်ဖြင့် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ငပလီ ပြန်/ဆက်