လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်

လပွတ္တာ သြဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်()နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲကို ဩဂုတ် (၉)ရက်နေ့ နေ့လယ် (၁၂)နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အမှာစကားပြောကြားရာတွင်  ယခုထောက်ပံ့ပေးအပ်သည့်ငွေကြေးများသည် ဘဝတစ်သက်တာဖွံ့ဖြိုးမှု၏ အရေးကြီးဆုံး ကာလလူသားဘဝအစ ရက်(၁၀၀၀)ကာလအတွင်း အာဟာရဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးများ၊ အလေ့အထကောင်းများ ရရှိစေပြီး ဦးနှောက်နဲ့ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုး တိုးတက်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးရေးနှင့် အာဟာရပြည့်မှီရေး၊ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရေး၊ ကိုယ်ဝန်ဆောင်များ အနေဖြင့်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူနိုင်ရန် အထောက်အပံ့ ဖြစ်စေရေးအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဖြိုးကျော်က   နိုင်ငံတော်မှ ၂၀၁၄ ခုနှစ်မှ စတင်၍ မဟာဗျူဟာအဆင့်ဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်းမှ မွေးဖွားလာသည့် ကလေးငယ်များ ပုညှက်မှုအများဆုံးဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ဦးစားပေးထောက်ပံ့ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအား ၂၀၁၆ ခုနှစ်မှ စတင်၍ ထောက်ပံ့ ပေးအပ်နိုင်ခဲ့ကြောင်းနှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး လပွတ္တာ မြို့နယ်အတွက် ကိုယ်ဝန်ဆောင်ဦးရေ (၃၃၅၉)ဦးနှင့် ()နှစ်အောက် ကလေးငယ် (၆၉၆၇)ဦး အတွက် တစ်လလျှင်(၁၅,၀၀၀)ကျပ်နှုန်းဖြင့်  စုစုပေါင်းထောက်ပံ့ငွေ ကျပ်(၄၄၃.၁၂သန်း) အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွား လာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ထောက်ပံ့ငွေများအား  ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှ မိမိတို့အပိုင် ရပ်ကွက်၊ ကျေးရွာအလိုက်  ကာယကံရှင်များ၏ လက်ဝယ်အရောက် ဆက်လက် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

လပွတ္တာခရိုင်(ပြန်/ဆက်)