ကျေးရွာအရောက် ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး

ဖြူး    ဩဂုတ်   ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးအရှေ့ကျေးရွာအုပ်စု၊ စမ်းမြိုင်ကျေးရွာရှိ ကျေးရွာနေပြည်သူများအား မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် ဖြူးမြို့နယ်(၁၆) ကုတင်ဆံ့ တိုင်းရင်း ဆေးရုံတို့ ပူးပေါင်းကာ ကျန်းမာရေး အသိပညာပေးဟောပြောပြီး ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စမ်းမြိုင်ကျောင်းတိုက်တွင် ကျေးရွာအရောက် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးနှင့် ဖြူးမြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မင်းထွန်းတို့က တက်ရောက်လာကြသော ကျေးရွာနေပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ ဆေးကုသလိုသူများအား ဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ လူနာဆေးကုသမှု မှတ်ပုံတင်စာအုပ်များ ပြုလုပ်ပေးပြီး လိုအပ်သည့်ဆေးများပေးခြင်းတို့ကို အခမဲ့ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)