ကျိုက်လတ်၌ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

ကျိုက်လတ် သြဂုတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယနေ့နံနက်(၁၁)နာရီခွဲက သဘာဝဘေးအန္တရာယ် အကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးမင်းအောင်က သဘာဝဘေး အန္တရာယ်သည် ကြိုတင်မှန်းဆ၍မရသဖြင့် ဖြစ်လာပါက ထိခိုက်ပျက်စီးမှုအနည်းဆုံး ဖြစ်စေရန် ကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပကျော်က သဘာဝဘေးအန္တရာယ်ကို မဖြစ်မီ၊ ဖြစ်နေဆဲနှင့် ဖြစ်ပေါ်ပြီးချိန်တွင် ဆောင်ရွက်ရမည်တို့ကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရကြောင်း၊ အမှန်တကယ် မြေပြင်တွင် လုပ်ဆောင် နေရသည် များကို နမူနာယူပြီး ပို၍အဆင်ပြေစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဖြစ်ခင် စီမံချက်ရေးဆွဲပြီး ပြင်ဆင်ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ ခိုလှုံစရာနေရာများကို ကြိုတင်စီစဉ်ထားရမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယ မီးသတ်ဦးစီးမှူးဦးဇေယျာမင်းက ဘေးအန္တရာယ် နှစ်မျိုးရှိကြောင်းနှင့် သဘာဝဘေးအန္တရာယ် ဖြစ်လာပါက ဆောင်ရွက်ရသည့် လုပ်ငန်းများအကြောင်းကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဆရာကြီးဦးစိန်ဝှီးနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်ဆန်းထွန်းတို့ ကလည်း သဘာဝဘေးအန္တရာယ် ဖြစ်လာပါက မိမိတို့လုပ်ငန်းများ အလိုက် ဆောင်ရွက် ရသည်များနှင့် ပြည်သူများ လုပ်ဆောင်ထားသင့်သည်များကို အသိပညာပေးဟောပြော ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

ဒေါ်ရီရီမြင့်

ကျိုက်လတ်(ပြန်/ဆက်)