ဘားအံမြို့နယ်၊ သပြေကုန်းကျေးရွာတွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

ဘားအံ ဩဂုတ် ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဘားအံမြို့၊ အမှတ်(၂၀) စက်မှုလယ်ယာစခန်းမှ တောင်သူများအား ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ သပြေကုန်းကျေးရွာ၊ ကွင်းအမှတ် N-151 ကိုပုတ်ရွာမကွင်း၌ ကျင်းပသည်။

သရုပ်ပြပွဲတွင် အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)မှ KUBOTA ခြောက်တန်းသွား ကောက်စိုက်စက် (၂)စီးဖြင့် ပျိုးဖျာလိပ်စနစ်ဖြင့်ပျိုးထောင်ထားသော စပါးပျိုးပင်များအား စိုက်ပျိုးသရုပ်ပြသခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကော့စိန်ဘန်အောက်၊ သပြေကုန်း၊ ရွှေနတ်ကျွန်းကျေးရွာများမှ တောင်သူလယ်သမားများ တက်ရောက်အားပေး ကြည့်ရှုလေ့လာ ခဲ့ကြသည်။

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းသည် လယ်ယာလုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ မျိုးစေ့ကုန်ကျမှုကိုလျှော့ချနိုင်ခြင်း၊ စပါးပင်ဝင်ဆံ့မှု တိကျမှန်ကန်ခြင်း၊ လေဝင်လေထွက် ကောင်းမွန်သဖြင့် စပါးပင် ကြီးထွားမှုကောင်းမွန်ပြီး အထွက်နှုန်းတိုးတက်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပြီး စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဘားအံမြို့နယ်ဦးစီးမှူးတို့က တောင်သူလယ်သမားများအား ခင်းကျင်းပြသထားသည့် မြက်ဖျာလိပ် စနစ်ဖြင့် ပျိုးထောင်ထားရှိပုံအဆင့်ဆင့်၊ တစ်နာရီလျှင် လယ် ၈ ဧကစာ ပျိုးထောင်နိုင်သော KUBOTA မျိုးစေ့ချစက် အသုံးပြုပုံအဆင့်ဆင့်နှင့် လယ်တစ်ဧကလျှင် တစ်နာရီခန့်သာကြာမြင့်သည့် ကူဘိုတာခြောက်တန်းသွား မောင်းနှင်အသုံးပြုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသော တောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ ယခုကဲ့သို့ စိုက်ပျိုးသရုပ်ပြခြင်းသည် တောင်သူများ အတုယူလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကြောင်း၊ မြေလွတ်မြေလပ်မထားဘဲ သီးထပ်သီးညှပ်များဖြင့် အနည်းဆုံး ၂ သီးစားခန့် စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ စပါးအပြီးတွင် ပဲတီစိမ်းကို စိုက်ပျိုးစေလိုပြီး ဆီထွက်သီးနှံများလည်း စိုက်ပျိုးနိုင်ကာ ဈေးကွက်ရှိသောသီးနှံများကို ရွေးချယ်စိုက်ပျိုးကြစေလို ကြောင်းနှင့် လိုအပ်သည်များအားဆွေးနွေးတင်ပြပေးကြရန်ပြောကြားပြီး တောင်သူများက မြေဩဇာ၊ ကုန်ထုတ်လမ်းနှင့် စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်များကို ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်ဆက်)