ဒိုက်ဦး ဩဂုတ် ၁၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (စတုတ္ထ)အကြိမ် ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အင်းလေလံတင်အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်လွင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင် က အင်း/တင်ဒါချက်များ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် လေလံကြီးကြပ်ရေးအဖွဲ့နှင့် လေလံရောင်းချရေးအဖွဲ့မှ နေရာယူပြီး ဂရန်အင်းနှင့် တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပသည်။
အဆိုပါ အင်း/တင်ဒါ လေလံတင်ရောင်းချရေး ကြီးကြပ်ရေးအဖွဲ့ဝင်များက ဂရန်အင်းများနှင့် တင်ဒါပိုက်ချက်များ ကြမ်းခင်းဈေးပြင်ဆင်ရောင်းချကြရာ ဂရန်အင်း (၁၃)အင်းနှင့် တင်ဒါပိုက်ချက် (၁၁) ချက်တို့အား အင်းသားကြီးများထံ ရောင်းချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)