ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

ဘားအံ ဩဂုတ် ၁၉

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ၁၀ နာရီခန့်က မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်နှင့်အဖွဲ့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒေသတွင်းငြိမ်းချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ သံယံဇာတရေးရာ ဝန်ကြီးဦးဇော်ဝင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို၊ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်၊ မွန်ပြည်သစ်ပါတီ သထုံခရိုင်နှင့် မော်လမြိုင်ခရိုင်တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)