ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ပေါက်ခေါင်းမြို့နယ်၌ ဝါဧက တိုးချဲ့စိုက်ပျိုးထားရှိ

ပေါက်ခေါင်း ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ‌တောင်သူများမှ ဝါကိုတိုးချဲ့စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဝါကြီး၊ ချည်မျှင်ရှည်ဝါ အပါအဝင် စုစုပေါင်းဝါဧက ၈၅၀၀  လျာထားစိုက်ပျိုးလျက်ရှိ‌ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ဝါ(၁)ဧက၏ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ပျမ်းမျှသုံးသိန်းခွဲခန့်ကုန်ကျပြီး၊ ဝါကောက်ချိန်(သို့) ခူးဆွတ်ချိန်မှာတော့ တစ်ဧကလျှင် အနည်းဆုံးပိဿာ ရှစ်ရာ လောက်ထွက်ရှိကြောင်း၊ ယခင်နှစ်က ဝါတစ်ပိဿာကို ၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချရသည့်အတွက် တွက်‌‌ခြေကိုက်ကြောင်း၊ ထို့ကြောင့်ဝါသီးနှံသည် တောင်သူများ စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ကြောင်း ဝါသီးနှံစိုက်ပျိုးသည့်တောင်သူ ဦးတင်လှထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါစိုက်ပျိုးထုတ်လုပ်ဧက ၆၇၀၀ သာစိုက်ပျိုးသော်လည်း ယခုနှစ်တွင် ဧက ၈၅၀၀ အထိစိုက်ပျိုးမည်ဖြစ်ကြောင်း၊ ဝါဈေးကွက်ကောင်းတာကြောင့် ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေနှင့်လည်း ဝါစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာပေးခြင်း၊ အထွက်နှုန်းကောင်းမျိုးကောင်း မျိုးသန့်များရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ဝါမျိုးစေ့ခြံများမှ မျိုးသန့်များကို မှာယူဖြန့်ဖြူးပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများ ရွေးချယ်စိုက်ပျိုးခြင်းနှင့် ဝါစိုက်‌တောင်သူများအတွက် မျိုးစေ့များထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်‌ပေးခဲ့ကြောင်းနှင့် ယခုနှစ်တွင် ဝါမျိုးစေ့ထုတ်(၅)ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်(၂)ဧကကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)