ကျောက်ထု စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင် ၊ ကျောက်ထုမြို့ ၊ မြို့မရပ်ကွက်ရှိ အောင်သပြေလမ်းကို ကျောက်ချော လမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား သြဂုတ်လ(၂၉) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါရာခိုင်နှူန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအပိုင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေမှ အလျား(၅၅၅)ပေ ၊အနံ(၁၀)ပေ ၊ထု(၆)လက်မရှိ ကွန်ဂရက်လမ်းအဖြစ် ရန်ပုံငွေကျပ် ရှစ်ဆယ့် ကိုးသိန်း လေးသောင်းဖြင့် ကျောက်ထုမြို့စည်ပင်သာယာရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါလမ်းသည် ကျောက်ထုမြို့မြို့ပတ်လမ်းမှတစ်ဆင့် ကျောက်ထု-မင်းတပ် ပြည်ထောင်စု လမ်းမကြီးသို့ အထွက်လမ်းဖြစ်သလို ကျောက်ထုမြို့ကားကြီးကွင်းနှင့် ပျံကျဈေးသို့သွားရာ အဓိကလမ်းတစ်လမ်းလည်း ဖြစ်ရာ အဆိုပါလမ်းပြီးစီးပြီဖြစ်၍ ကျောက်ထုမြို့၊ မြို့မရပ်ကွက် ၊ ကွက်စိပ်(၄)နေပြည်သူများ သွားလာရ အဆင်ပြေလွယ်ကူနေပြီဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ကျန်ရှိနေသော အောင်သပြေလမ်းအပိုင်းနှင့် ဆက်စပ်လမ်းများအား လာမည့်ဘဏ္ဍာနှစ်များ၌ ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင်ခြင်း၊ လမ်းဘေး ရေနုတ်မြောင်းများအား ကွန်ကရစ်မြောင်းအဖြစ် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျောက်ထုမြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဉီးကျော်ကိုကိုအောင်၏ ပြောကြားချက်အရ သိရှိရသည်။
အေးလင်း (ပြန်/ဆက်)