ဖျာပုံ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ် ဆီလုပ်ငန်းရှင်များက ပြည်သူများစျေးနှုန်းချိုသာစွာ ဆီဝယ်ယူနိုင်ရေးအတွက် အမှတ် (၆)ရပ်ကွက် ရွှေကောင်းစံဆီဆိုင်တွင် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း ဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၃၈၀၀ ကျပ်နှုန်း ရည်ညွှန်းစျေးဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယခရိုင် ဦးစီးမှူး ဦးမိုးမင်းသန်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများက မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းမှ ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချရန်အတွက် မြို့နယ်ဆီလုပ်ငန်းရှင်အသင်းမှ မြို့နယ်အတွက် ရရှိသော စားအုန်းဆီများကို ဆီအရောင်းဆိုင်များခွဲ၍ ရောင်ချပေးလျက်ရှိရာ ဖျာပုံမြို့နယ် အမှတ် (၆)ရပ်ကွက် ရွှေကောင်းစံဆီဆိုင်ပိုင်ရှင် ဦးမျိုးမင်းထွဋ်နှင့် ဝန်ထမ်းများက စားအုန်းဆီတစ်ပိဿာလျှင် (၃၈၀၀)ကျပ်နှုန်း ရည်ညွှန်းစျေးဖြင့် လူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်း ရောင်းချပေးရာ ဖျာပုံမြို့နယ်အနေဖြင့် ရည်ညွှန်းစျေးနှုန်းဖြင့် စားအုန်းဆီများကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း ခရိုင်စားသုံးသူ ရေးရာဦးစီးဌာနမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)