စလင်းမြို့နယ် အရှေ့ကန်ဘောင်ကျေးရွာတွင် လျှပ်စစ်မီး စတင် ရရှိ

စလင်း သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အရှေ့ကန်ဘောင်ကျေးရွာတွင် လျှပ်စစ်ဓာတ်အား စတင် ပို့လွှတ်နိုင်ပြီဖြစ်သည်။ ယခင်ဆိုလာစနစ်၊ ရေနံဆီမီးခွက်၊ ဖယောင်းတိုင်မီးထွန်းစနစ်မှသည် ယခုအခါ ကျေးရွာပြည်သူများ၏ ကိုယ်ထူကိုယ်ထထည့်ဝင်ငွေ၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ဒေသ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်း မြင့်မားလာကြစေရန် အသိပညာနှင့်အတတ်ပညာများ၊ ဗဟုသုတပိုမိုကြွယ်ဝ၍ လူမှုဘဝပြည့်စုံလာစေရန် ပံ့ပိုးကူညီမှုဖြင့် အိမ်ခြေ(၂၂၀)အိမ်ရှိရာ အိမ်ခြေ(၁၇၈)အိမ် လျှပ်စစ်မီးလင်းနိုင်ခဲ့ပြီဖြစ်သည်။

စလင်းမြို့နယ် အရှေ့ကန်ဘောင်ကျေးရွာအုပ်စုအား လျှပ်စစ်မီးရရှိစေရန် ၂၀၂၀ ခုနှစ်မှစတင်၍ အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ရာ စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်၍ ကျေးရွာမီးလင်းရေးဆပ်ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကာ ကျေးရွာပြည်သူများ၏ ညီညွှတ်မှု၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာများအား ငွေအရင်းအနှီးများမတည်၍ လျှပ်စစ်မီးလင်းစေရေးကို စတင်ဆောင်ရွက်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငွေကျပ်သိန်း(၅၀)မတည်၍ ကျေးလက်နေပြည်သူများမှ ထည့်ဝင်ငွေ ကျပ်သိန်း(၃၀၀)ကျပ်၊ စုစုပေါင်းကျပ်သိန်း(၃၅၀)ခန့် ကုန်ကျစေခဲ့ပြီး ကွန်ကရစ်ကျောက်တိုင်(၅၁)တိုင်၊ လမ်းမီးသီး ၃၀၀ ဝပ်၊ ၂၀၀ ဗို့အလုံး ၅၀ တပ်ဆင်၍ အိမ်ခြေ ၂၂၀ အိမ်မှ အိမ်ခြေ ၁၇၈ အိမ်တို့အား လျှပ်စစ်ထရန်စဖော်မာ ၁၁/၀.၄ကေဗွီ၊ ၁၀၀ကေဗွီကို NEP phase. 2 အစီအစဉ်ဖြင့် တပ်ဆင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံဦးမှ ဦးဆောင်၍ ကျေးရွာပြည်သူများ စုပေါင်းညီညွှတ်မှုတို့ဖြင့် အရှေ့ကန်ဘောင်ကျေးရွာ လျှပ်စစ်မီးစတင်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)