တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်တွင်းကြီး ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရေး၊ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) Software Program ထည့်သွင်းမှု အခြေအနေများ၊  အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများ၊  ဗိဿနိုးရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် လုပ်ငန်းများဆောင်ရွက်ရန်ရှိပါက ရှေး/သု အား ကြိုတင်တင်ပြရန်နှင့် ခွင့်ပြုချက်ရယူရန်၊ သီတင်းကျွတ်ကာလ ရွှေအင်းတောင်စေတီတော်တွင် မြို့ပေါ်ရှိ ကျောင်းတိုက်(၅၇)တိုက်မှ ပင့်သံဃာများအား ပဝါသနာပွဲ သိမ်ဆင်းလောင်းလှူရာတွင် ပါဝင်လှူဒါန်းကြရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ခိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မိုးခိုင်တို့က လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး  တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ကျန်းမာရေးဆိုင်ရာများ၊   စီမံကိန်းဆိုင်ရာများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်မည့် အခြေအနေများနှင့်ပတ်သက်၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးမိုးမိုးမြင့်