ဒေးဒရဲ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ ကျောင်းသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက အမှာစကားပြောကြားခဲ့ရာ ကိုဗစ်-၁၉ ရောဂါကြောင့် အခက်အခဲများနှင့် ကြုံတွေ့ရသော်လည်း ထူးချွန်စွာဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ယနေ့ လူငယ်များဟာ နောင်အနာဂတ်တွင် တိုင်းပြည်ရဲ့ အားထားရတဲ့ လူငယ်လူရွယ်တွေဖြစ်အောင် ကြိုးစားရမှာ ဖြစ်ပြီး အနာဂတ်တွင် မိမိရပ်ရွာဒေသနှင့် မိမိတိုင်းပြည်ကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင် တဲ့သူများဖြစ်ရေး ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်းနှင့် နောင်နှစ်များတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများ ထွက်ပေါ်လာစေရေး ဝိုင်းဝန်းကူညီဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်အတွင်းရှိ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ထူးချွန်ဆုများ ပေးအပ်ချီးမြှင့် ခဲ့ရာ ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား (၄)ဘာသာဂုဏ်ထူးရှင် မခင်စံမီနိုင်က ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ က ဇာတိမာန်သီချင်းအား သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၁၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၄၀)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၄၆)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၁၅၉)ဦး၊ စုစုပေါင်းဂုဏ်ထူးဆုရှင်(၂၅၈)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။
အေဇာလင်း