လပွတ္တာ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့တွင် နေထိုင်သူမိဘပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားကူးစက်ပျံ့နှံ့မှုမရှိစေရေး ပြည်သူများအသိရှိရှိဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်နိုင်းရေးအတွက် ဒုတိယဦးစီးမှူး ဦးကျော်မင်းအောင်ဦး ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ တပ်ဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ မီးသတ်မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ချက်များကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မော်တော်ယာဉ်ဖြင့် မြို့အတွင်း နေထိုင်သူမိဘ ပြည်သူများအနေဖြင့် ပြင်ပသို့ သွားလာသူများအားလုံး နှာခေါင်းစည်း (mask) များကို မဖြစ်မနေ တပ်ဆင် သွားလာကြရန်၊ နှာခေါင်းစည်း(mask) တပ်ဆင်ရေးအတွက် ပညာပေးကာလအဖြစ် ဩဂုတ်လ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့မှ စတင်၍ နှာခေါင်းစည်း(mask) များ တပ်ဆင်ခြင်းမရှိဘဲနေအိမ် ပြင်ပသို့ သွားလာသူများအား နှာခေါင်းစည်း (mask) (၃)ခု လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ သွားလာခြင်းများ ရှိပါက သွားလာသည့် အချိန်တိုင်းနှာခေါင်းစည်း (mask) များကို စနစ်တကျ တပ်ဆင်ကြရန် တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်နှင့် လက်ကို ဆပ်ပြာနှင့်ရေကို အသုံးပြု၍ အနည်းဆုံး စက္ကန့် (၂၀)ကြာအောင် ဆေးကြောကြပါရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ကြေညာချက်များကို မိဘပြည်သူများအနေဖြင့် အလေးထားလိုက်နာ ဆောင်ရွက်ကြ ပါရန် အသိပေးနှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)