၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် သြဂုတ် ၁၉

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေး များက ပညာရည်ချွန်ဆုနှင်းသဘင်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဆုပေးပွဲအခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ သည်။ ထို့နောက် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင်  (၆) ဘာသာနှင့် (၅)ဘာ သာဂုဏ်ထူးရရှိကြသူများအား တိုင်းဒေသကြီးအဆင့်တွင် ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး (၄)ဘာသာ ဂုဏ်ထူးထွက်ရှိသူများကို ခရိုင်အဆင့်ဆုချီးမြှင့်ပွဲတွင် ဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ယနေ့ အခမ်းအနားတွင် (၃) ဘာသာဂုဏ်ထူးရှင်(၄၈)ဦးအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သွားမည်ဖြစ်ပြီး နှစ်ဘာသာဂုဏ်ထူးရရှိသူ(၈၇)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ (၄၈၆)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ (၃)ဘာသာဂုဏ်ထူးရှင် (၄၈)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ၊ ဂုဏ်ပြုလည်ဆွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး နှစ်ဘာသာနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပုသိမ်မြို့နယ်၊ လက်ထောက်ပညာရေးမှူးထံသို့ ပေးအပ်ခဲ့သည်။ ဆုပေးပွဲအပြီးတွင် အဖွင့်သီချင်းနှင့် အပိတ်သီချင်း သီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းမင်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားကို ပုသိမ်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာရွှေခေတ်သမိုင်း သစ်ဝေစည်” တေးသီချင်းသီဆိုဖျော်ဖြေကာ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်/ဆက်)