ထန်တလန် စက်တင်ဘာ ၁၃
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ကော်မတီအဖွဲ့ဝင်များသည် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်လိုင်းပေါင်းလုံစစ်ဆေးရေးဂိတ်သို့ စက်တင်ဘာ ၁၁ ရက်နေ့က သွားရောက် စစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်သစ် ဆောက်လုပ်မည့် နေရာအားကြည့်ရှုစစ်ဆေးပြီးနောက် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းများ အပါအဝင် စတင်ထွက်ခွာလာသည့် ဒေသနှင့်သွားရောက်မည့်ဒေသများ မှတ်တမ်းရယူခြင်း စသည့် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ စနစ်တကျ ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြား ခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၁၃ ရက်နေ့မှစ၍ ထန်တလန်မြို့မှ အခြားမြို့ရွာသို့ သွားမည်ဆိုပါက မိမိရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ (အသွား) ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး ထန်တလန်မြို့သို့ ပြန်လည် ဝင်ရောက်မည်ဆိုပါက မိမိသွားရောက်ခဲ့သောဒေသမှ သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး၏ (အပြန်) ထောက်ခံချက်နှင့် ထန်တလန်မြို့မှ ယူဆောင်ခဲ့သော (အသွား) ထောက်ခံချက် နှစ်စောင်ပါရှိမှသာ ဖြတ်သန်း သွားလာခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)