သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ပေး

သရက်ချောင်း   သြဂုတ် ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူ လယ်သမားများအား ၂၀၂၂-ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က မင်းဒပ်ကျေးရွာနှင့် ပြင်းဖြူကြီးကျေးရွာများရှိ တောင်သူများအတွက် အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်၌ ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ မင်းဒပ်ကျေးရွာနှင့် ပြင်းဖြူကြီးကျေးရွာများမှ တောင်သူ (၃၉)ဦးအတွက်တစ်ဧကလျှင် ၁သိန်းခွဲနှုန်းဖြင့် စပါး စိုက် (၁၇၈ )ဧကအတွက် ချေးငွေကျပ် (၂၆၇၀၀၀၀၀) သိန်းကိုယနေ့ နံနက်၉နာရီအချိနိက ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ကျေးရွာပေါင်း(၃၄)ရွာကိုစိုက်ပျိုးစရိတ် ထုတ်ချေးပေးရန်လျာထားဆောင်ရွက်လျက်ရှိရာ ယခုလအထိကျေးရွာ(၂၆)ရွာကို ထုတ်ချေးပေး နိုင်ခဲ့ပြီး ကျန်ရှိနေသောကျေးရွာများကိုလည်း စိုက်ပျိုးစရိတ်ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်အေးသီတာထံမှ သိရသည်။

နန်းခလိုက် (သရက်ချောင်း)