ကဝမြို့နယ်တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှု ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်

ကဝ ဩဂုတ် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ တားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၇:၀၀)နာရီက ကဝ-ပဲခူးလမ်းမကြီးနှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ကဝ-ပဲခူးလမ်းမကြီးနှင့် လမ်းဆုံတို့တွင် မြို့နယ်နေပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် အသိပညာပေး ပြောကြားခဲ့ပြီး၊ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် လူစည်ကားရာ နေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)