မယ်စဲ့ စက်တင်ဘာ ၁၃
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုး ဦးဆောင်၍ ကော်မတီဝင်များက ယမန်နေ့ နံနက် ၈ နာရီတွင် မြောက်ပိုင်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့နှင့် တောင်ပိုင်းရပ်ကွက် အ.ထ.က(မယ်စဲ့)ကျောင်းရှေ့ တို့၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းအပြင် Mask တပ်ဆင်မှုမရှိသူများကို Mask နှစ်ခုလျှင် ငွေကျပ် (၁၀၀၀) နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ကျန်းမာရေး လမ်းညွှန်ချက်များနှင့် စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)