ငရုတ်ကောင်း ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ သစ်ရောင်းကျေးရွာအုပ်စု၊ သံပတ်ကွင်းကျေးရွာတွင် ဩဂုတ် ၁၇ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေနှင့် ဒီရေမြင့်တက်မှုကြောင့် လူနေအိမ် များအား ရေကျော်တက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာသို့ ငရုတ်ကောင်းမြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီး မြတ်သန်းထွန်းနှင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့မှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးသူရအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လူနေအိမ်(၅)လုံး ပြိုကျပျက်စီးပြီး ဝမ်းစာသိုလှောင်ထားသော စပါး(၁၆၇၇) တင်း ရေနစ်မြှပ်ဆုံးရှုံးခဲ့သည်။ ၎င်းရေနစ်မြှပ်ခဲ့သည့် နေအိမ်များအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာပြည်သူများ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ခြင်း၊ ရေတွင်းရေကန်များအား ရေစုပ်စက်များဖြင့် စုပ်ယူတူးဖော်မှုများ ပြုလုပ်ပေးပြီး ပျက်စီးဆုံးရှုံးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)