ဘိုကလေး စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မိုးစပါးခင်းများတွင် ဖြုတ်ပိုးများ ကျရောက်မှု အနည်းငယ်ရှိသောကြောင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကာကွယ်နှိမ်နင်းမှုများ၊ ပညာပေး ဆွေးနွေး ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
လတ်တလောရာသီဥတု အခြေအနေအရ စိုက်ခင်းအတွင်း အပူချိန်နှင့် စိုထိုင်းဆများပြားခြင်း စပါးခင်းများ ထူထပ်နေခြင်းကြောင့် ဖြုတ်ပိုးကျရောက်မှုကို အားပေးသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။
စပါးခင်းများတွင် ဖြုတ်ပိုးကျရောက်ကြောင်း စစ်ဆေးတွေ့ရှိရပါက ပုလဲမြေဩဇာကျွေးခြင်းအား ခေတ္ တဖြတ်တောက်ခြင်း၊ ပိုတက်မြေဩဇာကျွေးခြင်း၊ ရေထုတ်ခြင်း၊ စိုက်ခင်းအား ဆယ်ပေခြား ဝါးလုံးဖြင့် လေကြောင်းခွဲခြင်း၊ ကန်သင်းရှိဖြုတ်ပိုးခိုအောင်းနိုင်သော ပေါင်းများအား ရှင်းလင်းခြင်း၊ လိုအပ်ပါက ပင်လုံးပြန့် အာနိသင်ရှိ ပိုးသတ်ဆေးများအား အလှည့်ကျပက်ဖျန်းခြင်းလုပ်ငန်းအား ဆောင်ရွက်ရန်လိုကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် မြို့နယ်အတွင်းမိုးစပါးစိုက်ခင်များအား စပါးဖြုတ်ပိုး ကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်နှိမ်နင်းမှုများ ဆောင်ရွက်နိုင်ရေးအတွက် ပိုးကျမှုတွေ့ရှိပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် ဆက်သွယ်အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)