မြေပုံ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် စက်လှေဆိပ်များသို့ သွားရောက်လှည့်လည် ကြေငြာသည်။
ယနေ့မြန်မာစံတော်ချိန်(၀၉;၃၀)နာရီ မိုး/ဇလဦးစီးဌာနမှ တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းအနီးတွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် (၁၂)နာရီအတွင်း ပိုမိုအားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့လည်းကောင်း၊ နောက်(၃၆)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားပါသည်။
အဆိုပါ လေဖိအားရပ်ဝန်း (Low Pressure Area)၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၀-၈-၂၀၂၂)ရက်နေ့အတွင်း မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ သို့ဖြစ်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိ ပြုနိုင်ပါရန် အသိပေးနှိုးဆော်ခဲ့သည်။
တင်ဝင်း