တောင်ငူ သြဂုတ် ၁၈
ကျောင်းသား/ကျောင်းသူ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ် စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်း က အမှတ် ၇ အခြေခံပညာအထက်တန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက လူငယ်ရေးရာခေါင်းစဉ်ဖြင့် အသီးသီး ဟောပြောကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးခြင်းခံရမှုမှ ကာကွယ်နည်းများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများ စသည့်နံရံကပ်စာစောင်များ ပြသရာ တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက လေ့လာကြည့်ရှုကြသည်။
ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့မှ လှူဒါန်းသည် ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပုံပြင်ပြောခြင်း၊ ပုံပြင်ပါအကြောင်းအရာများအား သရုပ်ပြတင်ဆက်ခြင်း၊ ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)