ဖြူး ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရည်ရွယ်ပြီး မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ၊ ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်ပြဘုတ်ပြပွဲများကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖြူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်း က တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအား မြန်မာစာလုံးပေါင်း သတ်ပုံများ မှန်ကန်စေရေးနှင့် ပြင်ပဗဟုသုတများရရှိစေရေးအတွက် စာဖတ်ကြစေရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြန်မာစကားပုံဆက်ပြိုင်ပွဲကို ဖြူးမြို့မ (၁)အခြေခံပညာမူလတန်းလွန် ကျောင်းရှိ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၅)ဦးက ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသူများအား မြို့နယ်ဦးစီးအရာရှိ ဒေါ်အိမာဟိန်းနှင့် ဖြူးမြို့မ (၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းစိုးတို့က ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသ စာအုပ်/စာစောင်များကို လေ့လာဖတ်မှတ်ကြည့်ရှုခဲ့ကြပြီး မိုးရာသီတွင်ဖြစ်တတ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်ပြဘုတ်များကို လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)