ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းဆောင်ရွက်

ငဖဲ  ဩဂုတ် ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပေါင်းကလေးကျေးရွာ ဓမ္မာရုံတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအတွင်းမှ နေကြာစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်လင်းထွန်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်းတို့က ဒေသတွင်း စားသုံးဆီဖူလုံစေရေးအတွက်  မြို့နယ်အတွင်းဆီထွက်သီးနှံ နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝိုင်းယုမော်က မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)နှင့် ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကော်မတီဝင်များ လုပ်ဆောင်ရမည့်လုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကျေးရွာလုပ်ငန်းကော်မတီဝင် ၇ ဦးကို မဲစနစ်ဖြင့် ရွေးချယ် ဆောင်ရွက်ခဲ့သည်။

ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ဆောင်းနေကြာစိုက်ပျိုးမည့် ပေါင်းကလေးကျေးရွာအုပ်စုမှ တောင်သူများအား ငွေကျပ် သိန်း ၃၀၀ ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)