ရေဖြူ ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကြောင်းအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဇာထိုး၊ ပန်းထိုးသင်တန်းကို ဩဂုတ်လ (၁၁)ရက်နေ့မှစ၍ သင်ကြားပေးလျက်ရှိရာ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ သင်တန်းကိုပို့ချပေးလျက်ရှိသည်။
အဆိုပါ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်နေပြည်သူများအား ကျေးလက်ဒေသစီမံကိန်းလုပ်ငန်းများဖြစ်သော အသက်မွေးဝမ်းကြောင်းအထောက်ကူပြု ဆံပင်အလှပြင်သင်တန်း၊ မိတ်ကပ်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်း၊ သံချည်သံကွေး သင်တန်း၊ ပန်းရံ/လက်သမားသင်တန်း၊ ဝါးဖြင့်လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်အလိုက် လျာထားဆောင်ရွက်လျက်ရှိရာ ဇာထိုး၊ ပန်းထိုးသင်တန်းကို ယခုဘဏ္ဍာနှစ်တွင် လျာထားဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ ဦးဝင်းဆွေမြင့်ထံက သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်အိအိမွန်က သင်တန်းတွင် ဘာသာရပ်သုံးခုဖြင့် သင်ကြားပို့ချလျက်ရှိပြီး အခြေခံထိုးနည်းများတတ်မြောက်သွားပါက Online တွင် အဆင့်မြင့်နည်းပညာများရှာဖွေကာ ဆက်လက်သင်ယူသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို သင်တန်းနည်းပြ (၁)ဦးနှင့် သင်တန်းသူ(၁၀)ဦးတို့ဖြင့် ဩဂုတ် (၁၁)ရက်နေ့မှ ဩဂုတ်လ (၂၅)ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ