မိုးညို ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများနှင့် (Book Club) အဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ မောင်ရင့်ကျူး(မြောင်းမြ) ရေးသားထားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာ ဗဟုသုတများကို တဆင့်ပြန်လည်မျှဝေနိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စာရေးဆရာ မောင်ရင့်ကျူး(မြောင်းမြ)ရေးသားထားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှုဆောင်းပါးများ” စာအုပ်ပါ “လူငယ်များ စိတ်ယဉ်ကျေးမှုမြင့်မားစေရန်” ခေါင်းစဉ်ဖြင့် Book Club အဖွဲ့ဥက္ကဋ္ဌ ဦးမြသန်းက ဖတ်ကြားဆွေးနွေးပြီး “မြန်မာအမျိုးသမီးများ ယဉ်ကျေးမှုဘယ်လဲ ဘာလဲ” ခေါင်းစဉ်ဖြင့် Book Club အဖွဲ့ဝင် ဦးဝင်းတင်က ဖတ်ကြားဆွေးနွေးကာ ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူ ကလေးများက အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)