ကလိန်အောင် ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ၊ (Youth Club)လူငယ်အသင်းတို့ပူးပေါင်း၍ စာရေးဆရာ "မြင်းခြံကျော်အောင်(ခ) သန်းထက်စံ" ရေးသားထားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က လူငယ်လူရွယ်များနှင့် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအ နေဖြင့် စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာဗဟုသုတများမျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများရင်းနှီးမှုရရှိစေရေးရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ မြင်းခြံကျော်အောင်(ခ) သန်းထက်စံ ရေးသားထားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်” စာအုပ်ပါ အသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဒေါ်မိုးသန္တာဝင်း၊ စာပေဝါသနာရှင် ဦးဝေဟင်စိုးနှင့် ဦးအောင်လင်းမြတို့က စာအုပ်ပါအသိပညာပေးဆောင်းပါးအကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့