လေးမျက်နှာမြို့နယ် ကညင်တိုင်းကျေးရွာအုပ်စု ကြီကြီးကျေးရွာတွင် VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး

လေးမျက်နှာ ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကညင်တိုင်းကျေးရွာအုပ်စု ကြီကြီးကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ VRFP စီမံကိန်း ရန်ပုံငွေထုတ်ချေးပေးခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဝန်ထမ်းများမှ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဝင်အသင်းသား အသင်းသူများ၊ ကျေးရွာ ကော်မတီဝင်များနှင့် တွေ့ဆုံကာ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေလျှော့နည်းလာမှုနှင့် တွေ့ကြုံနေရသော အခက်အခဲများကို ကုစားပေးနိုင်ရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအရင်း မပျောက်မတည် ရန်ပုံငွေများကို နေ့ချင်းပြီး ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းနှင့် စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအဖွဲ့ဝင်များက စနစ်တကျထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို ကြီကြီးကျေးရွာနေ စိုက်ပျိူးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂၉)ဦးအား ငွေကျပ်(၁၀၆)သိန်းအား နေ့ချင်းပြီးထုတ်ချေးပေးခဲ့သည်။

အဆိုပါ VRFP စီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးကျော်သူဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)