သဲကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ

သဲကုန်း  ဩဂုတ်  ၁၈

သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမက ညောင်ကုန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြင့်မားရေး လှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေး က စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြော၍ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA)နှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများအနေဖြင့် ကျောင်းသား၊ကျောင်းသူလေးများ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူ က စက္ကူပြဇာတ်နှင့် ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြော၍ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ် နံရံကပ်စာစောင်၊  လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး  အသိပညာပေး နံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို Mobile Library သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)