ဇီးကုန်း သြဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင် က ရင်သွေးငယ်များ အာဟာရဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစွာ ကြီးပြင်းလာစေရေးအတွက် ယခုဩဂုတ်လအတွင်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်နေပါကြောင်းနှင့် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဟောပြောပြီး၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်သန္တာထွေးမှ ကိုယ်ဝန်ဆောင်မိခင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဆောင်ရန်ရှောင်ရန် အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်၊ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်သန္တာထွေးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော မိခင်လောင်းနှင့် နို့တိုက်မိခင်များအား ကြက်ဥ၊ အိုင်အိုဒင်းဆားနှင့် ကိုယ်ဝန်ဆောင်အားဆေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန အနေဖြင့် ဩဂုတ်လအတွင်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအနေဖြင့် ပထမပတ်တွင် အသက် ၅ နှစ်အောက် ကလေးငယ်များအား သံချဆေးနှင့် ဗီတာမင်အေတိုက်ကျွေးခြင်း၊ ဒုတိယပတ်တွင် နို့တိုက်မိခင်များ မိခင်နို့တိုက်ကျွေးရေး လှုပ်ရှားမှုဆောင်ရွက်ခြင်း၊ ယခုတတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးအတွက် အာဟာရထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ စတုတ္ထပတ်တွင်လည်း အိုင်အိုဒင်းချို့တဲ့ရောဂါပပျောက်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)