၂၀၂၂ ခုနှစ်၊ အဟာရဖွံဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနား ပုသိမ်မြို့၌ ကျင်းပ

ပုသိမ် သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၂ ခုနှစ် အဟာရဖွံဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်၌ကျင်းပသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာရီရီဝင်းက အဟာရဖွံဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး အာဟာရဖွံဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်သည့် အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပရိုဂျက်တာဖြင့် ပြသခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက အသက် ၅ နှစ်အောက်ကလေးများအား ဗီတာမင်အေ ဆေးလုံးများ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များကို အဏုအာဟာရဆေးဝါး တိုက်ကျွေး ခြင်းများဆောင်ရွက် ခဲ့ကြသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်များနေ့ အထိမ်းအမှတ်ပြခန်း ပြသထားမှုများကို ကြည့်ရှုလေ့လာပြီး လိုအပ်ချက်များကို မှာကြားခဲ့သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း ၁၅၀ဦး တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်

ပုသိမ်ခရိုင်(ပြန်/ဆက်)