ဒေးဒရဲမြို့၌ အခြေခံပညာကျောင်းများသို့ ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ဒေးဒရဲ သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်း လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အလေ့အကျင့် ကောင်းများ ရရှိကျင့်သုံး နိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အခြေခံမူလတန်းကျောင်း (ဗိုလ်ချုပ်)တွင် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနက မြို့နယ် ကျန်းမာရေးမှူးအဆင့်(၁) ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှု စစ်ဆေးပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ၊ ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အနေဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်းများကို အခြေခံပညာ ကျောင်းများသို့  ကွင်းဆင်း၍ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း၊ အထွေထွေကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို  ပညာရေးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း