ငပုတော သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးသူရကျော်တို့သည်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်(၁၁)နာရီ အချိန်က ကြာကွင်းကျေးရွာအုပ်စု၊ ကံသုံးဆယ်ကျေးရွာ၊ ရွှေကြာရုံ ကျောင်းတိုက် ဓမ္မာရုံတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ကျောင်းတက်ရောက်နိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှူ ကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် စိုက်ပျိူးမြေဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေများနှင့် သမချေးငွေများ ပြန်လည်ပေးသွင်းနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ရန်၊ ကျေးရွာ သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စနေ့နေ့တိုင်း ကျေးလက်နေ ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြရန်နှင့် တောင်သူများ၏ စပါးသီးနှံများကို ဖျက်ဆီးတက်သော ရွှေခရုအန္တရာယ်မှ ကာကွယ်နိုင်သည့် နည်းလမ်းများအား ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံ၍ ရှင်းလင်း ဆွေးနွေးခဲ့သည်၊၊ ထို့နောက် အဖွဲ့ဝင်(၁)ဗိုလ်မှူး ဖြိုးသူရကျော်က နယ်မြေအေးချမ်း သာယာရေးနှင့် မိမိဒေသလုံခြုံရေးအတွက် အထူးအလေး ဆောင်ရွက်နေမှု အခြေအနေများ၊ လုံခြုံရေးသတိ အမြဲရှိကြစေလိုကြောင်းနှင့် ထူးခြားဖြစ်စဉ်များ ရှိပါကအချိန်မီ သတင်း ပေးပို့ကြရန် ပြောကြားခဲ့ပြီးနောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဝင်းက လယ်ယာမြေပုံစံ(၇)ပါ စည်းမျဉ်းစည်းကမ်းချက်များနှင့် ပတ်သက်သည့် လယ်ယာမြေဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် အခြေခံပညာ မူလတန်းလွန်ကျောင်း ကံသုံးဆယ် သို့ရောက်ရှိပြီး စာသင်ကျောင်းဖွင့်လှစ် ထားရှိမှုအခြေအနေ၊ ကျောင်းစာသင်ဆောင်များ သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ငပုတော)