နတ်မောက် ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ချောင်းနက်ကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး၀င်းသူရက နေကြာအပါအ၀င် ဆီးထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ၀ယ်ယူသုံးစွဲနိုင်ရန် အတိုးနှုန်းသက်သာသော ချေးငွေများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးသောတောင်သူနှင့် စိုက်ဧကအပေါ်မူတည်၍ ချေးငွေအမျိုးအစားအား Type-1၊ Type-2၊ Type-3 ၃မျိုးခွဲခြားရာ ချောင်းနက်ကျေးရွာ အနေဖြင့် Type-1 ငွေကျပ် သိန်း၃၀၀ အား ငွေတစ်ရာကျပ်အတွက် တစ်လလျှင် ပြား၅၀နှုန်းဖြင့် သတ်မှတ်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာမှ အများသဘောတူရွေးချယ်မည့် ကော်မတီ၀င်များအနေဖြင့် ကိုယ်ကျိုးအတွက် မကြည့်ဘဲ ပရဟိတစိတ်ဖြင့် ရပ်ရွာအကျိုး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာရင်းဇယားများအား စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာသူ၊ ကျေးရွာသားများ၏ အများသဘောဆန္ဒနှင့်အညီ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ကျေးရွာလုပ်ငန်းအဖွဲ့(၇)ဦးအား ဖွဲ့စည်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဖြိုး