ဟားခါး သြဂုတ် ၁၈
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများသာမက ပြည်တွင်းကူးစက်ဖြစ်ပွားမှုများ တွေ့ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရကြောင်း၊ သို့ဖြစ်ရာ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုပြီးစီးကာလ ၆ လ ပြည့်ပြီးသူများတွင် ထပ်ဆောင်း (Booster Dose) ကို ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများ၊ ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန် လိုကြောင်း၊ လူစုလူဝေးဖြစ်ပေါ်ရာ နေရာများတွင် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာစေရေး ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း ဖြင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇော်က ယခင် အပတ် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် မြို့နယ်များမှ တင်ပြလာသည့် အုပ်ချုပ်၊ ထောက်ပံ့မှု ဆိုင်ရာများကို လည်းကောင်း၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မိုရ်စိုးက ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေ၊ ဩဂုတ်လ ၁၅ ရက်နေ့အထိ ချင်းပြည်နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိနှင့် အသက်(၁၂)နှစ် အသက် (၁၈)နှစ်အထိ ကျောင်းသား/ကျောင်းသူများ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန် စာရင်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူနိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေစစ်ဆေးမှု အခြေအနေ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြ သည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်များအား တွန်းအားပေးကြပ်မတ်ပေးနေမှု၊ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြရာတွင် လျာထားချက်အပေါ် မြေပြင်အမှန်ဆောင်ရွက်နိုင်မှုကို ရှင်းလင်းစွာ ထည့်သွင်းဖော်ပြရန် လိုအပ်မှုတို့ကို ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က မြို့နယ် တစ်ခုချင်းအလိုက် သုံးသပ်အကြံပြုဖြည့်စွက် ဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များ အား Software Program ဖြင့် ထည့်သွင်းမှု အခြေအနေ၊ နိုင်(၄)မှတ်တမ်းများအား Software အတွင်း ၁၀၀ ရာခိုင်နှုန်း ထည့်သွင်းပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)