ကလိန်အောင် ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိသောဒေသဖြစ်၍ မြို့နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ဝဥများကို ကြားသီးနှံအဖြစ် ဥယျာဉ်ခြံများနဲ့ ရော်ဘာခြံများတွင် စိုက်ပျိုးလာကြကြောင်း တောင်သူများထံမှ သိရသည်။
ဝဥကို ပြည်ပဈေးကွက်မှ ဝယ်ယူမှုများလာခြင်းကြောင့် ကြားသီးနှံအဖြစ် စိုက်ပျိုးလာကြပြီး မိသားစုဘဝ အလုပ်အကိုင်အခွင့်အလမ်းနှင့် တစ်ဖက်တလမ်းမှ အပိုဝင်ငွေရရှိလာကြောင်း သိရသည်။
ဝဥကို မိုးဦးကျကာလဖြစ်သော ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး အပင် (၁ဝဝဝ) ကို ငွေ(၃)သိန်းကျပ်နှင့် (၄)သိန်းကျပ်ဝန်းကျင်ခန့် ကုန်ကျကာ နိုဝင်ဘာလတွင် တူးဖော်ရောင်းချလေ့ရှိသည်။
"မနှစ်ကတော့ ဝဥပေါက်ဈေးမှာ တစ်ပိဿာကို ငွေ (၁၅၀၀) ကျပ်ဝန်းကျင်လောက်ဈေးရရှိတယ်။ ဒီနှစ်ကတော့ ဈေးဘယ်လောက်ပေါက်မှန်းမသိသေးဘူး။ ဈေးကောင်းရရှိရင်တော့ကောင်းမယ် " ဟု ကလိန်အောင်မြို့မှ စိုက်ပျိုးတောင်သူတစ်ဦးကပြောသည်။
ဝဥအပင်များကို ကလိန်အောင်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် မိကျောင်းလှောင်း၊ သာယာမွန်၊ မရမ်းချောင်း၊ ရာဖူး စသည့်ကျေးရွာများတို့တွင် ဥယျာဉ်ခြံများနဲ့ ရော်ဘာခြံများတို့တွင် ကြားသီးနှံအဖြစ် စိုက်ပျိုးလုပ်ကိုင်လာကြကြောင်း သိရသည်။
ခင်ခင်လဲ့