ကျုံပျော် ဩဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ သက်ရှည် ကျန်းမာရေး၊ တရားဘာဝနာများ ရှုမှတ်ပွားများပြီး အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး၊ အလှူငွေများ လှူဒါန်းခြင်းကို ဘိုးဘွားရိပ်သာတည်ရှိရာ အောင်ဆန်း ရပ်ကွက်ရှိ၊ သုဇနကာရီ သီလရှင်ကျောင်းတိုက် အတွင်း၌ ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်း၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်မိုးနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ တာဝန်ရှိသူများ လာရောက်ကြပြီး ဘိုးဘွား (၂၁)ဦးထံသို့ အလှူငွေများ၊ အားဆေးအပါအဝင် ဆေးဝါးများ လှူဒါန်းကာ အားပေးစကားပြောကြားခြင်း၊ နေထိုင်ရေးကိစ္စနှင့် ကျန်းမာရေးကိစ္စများ မေးမြန်း ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်းအပြင် နာတာရှည်ရောဂါများ ကုသခြင်းနှင့် သက်ကြီးရောဂါဝေဒနာများအား စစ်ဆေးကုသပေးခြင်းတို့ကို ကျန်းမာရေး ဝန်ထမ်းများက စုပေါင်းဆောင်ရွက် ပေးခဲ့ကြကြောင်းနှင့် ဘိုးဘွားများက ဝမ်းမြောက်ပီတိစကား ပြောကြားကာ သာဓုခေါ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)