အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ကြောင်း လိုက်လံအသိပေး

ကျောင်းကုန်း ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့မဈေးနှင့် ပျံကျဈေးအတွင်းသို့ မြိူ့နယ်ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ  အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ကြောင်း ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ပျံကျဈေးအတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ် အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် သတ်မှတ်ပါကြောင်းနှင့် ၎င်းအစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာတို့ ဖြင့်သာ အစားထိုးရောင်းချရေး လိုက်လံအသိပေး နှိုးဆော်ခဲ့ကြပြီး အများပြည်သူမြင်နိုင်အောင် ဗီနိုင်းများ ချိတ်ဆွဲထားကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးကျော်စွာလင်း၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးတင်ကိုကိုတို့က လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)