ငါးသိုင်းချောင်းမြို့ သောင်ကြီးကျေးရွာအုပ်စု၊ တက်ဆိပ်(အ.ထ.က.ခွဲ) ကျောင်း၌ လူငယ်ရေးရာ ဟောပြောပွဲနှင့် နယ်လှည့်စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

ငါးသိုင်းချောင်း သြဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ တက်ဆိပ်(အ.ထ.က.ခွဲ)၌ ယမန်နေ့ မွန်းလွဲပိုင်းက ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာဖတ်ဝိုင်းတို့ကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က ခွဲ တက်ဆိပ်​ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက လူငယ်နှင့် စည်းကမ်း အကြောင်းအရာကို ဟောပြောခဲ့ပြီး ဆက်လက်၍ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက လူငယ် လူရွယ်များအတွက် ကျန်းမာရေးကောင်းမွန်စေရန် အားကစား​ပြုလုပ်ရေးသည် အတူယှဉ်တွဲ၍ လိုအပ်ကြောင်း ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးမှူး ဒေါ်ချယ်ရီမြင့်က လူငယ်များ အစားအသောက်အဆိပ် မသင့်စေ​ရန် ဂရုပြုရမည့် အချက်အလက် များကိုလည်းကောင်း၊ ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ကျောင်းသား လူငယ်များ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေဖို့၊ ဗဟုသုတကြွယ်ဝစေခြင်းဖြင့် ​ကောင်းမွန် ပြည့်စုံတဲ့ အနာဂတ်ဘဝခရီးလမ်းကို လျှောက်လှမ်းနိုင်ကြစေဖို့ အားလပ်ချိန်မှာ စာဖတ်ပါလို့ တိုက်တွန်းမှုကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ ဆရာမများနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး တက်ရောက်လေ့လာခဲ့ ကြောင်း သိရသည်။

ဟောပြောပွဲအပြီး၌ အား/ကာဦးစီးဌာနမှနည်းစနစ်မှူး ဦးဝေယံထွန်းက ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး ကဏ္ဍအဖြစ် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကို ပျော်ပျော်ပါးပါး စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ပြန်/ဆက်ဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်တင်တင်ဌေးက အလယ်တန်း နှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား စိတ်အပန်း​ပြေစေရန်၊ စာဖတ်သည့် အလေ့အထ ရရှိစေရန်နှင့် ဗဟုသုတပြည့်စုံကြွယ်ဝစေရန် ရုပ်ပြစာအုပ်များကို ဖတ်ပြခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ကိုယ်တိုင် အချိန်တစ်နာရီစာဖတ်စေခြင်းစသည့် နယ်လှည့်စာဖတ်ဝိုင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ၏ အသိပညာဗဟုသုတအပြင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ အစရှိသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ယခုကဲ့သို့ အသိပညာပေးဟောပြောခြင်း၊ လေ့ကျင့်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ကို ပူးပေါင်းကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)