မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-2 (တိုင်းဒေသကြီးအဆင့်) ပြိုင်ပွဲ အခမ်းအနား တက်ရောက်

မကွေး သြဂုတ် ၁၈

မကွေးတိုင်းဒေသကြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” Season-2 တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမ္မာန်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များနှင့် ပြိုင်ပွဲဝင်တေးသီချင်းဆို ဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့ပြုလုပ်သည် ပြိုင်ပွဲမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” Season-2 တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲဖြစ်ပြီး၊ လွတ်လပ်ရေး၏ အနှစ်သာရကို တန်ဖိုးထားလေးစားစိတ်၊ မိမိတို့၏ အချုပ်အခြာအာဏာကို ကိုယ်တိုင် ထိန်းသိမ်းရမည်ဆိုသော ထက်သန်သည့်စိတ် ဖြစ်ပေါ်စေရန်၊ မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်၊ ပြည်သူများ၏ စိတ်ကို အပန်းဖြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ဗဟိုအဆင့် ပြိုင်ပွဲကိုတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်)မှာ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲကျင်းပမယ့် နေ့ရက်ကတော့ ၂-၉-၂၀၂၂ ရက်နေ့မှ ၃၀-၁၂-၂၀၂၂ ရက်နေ့အထိ အပတ်စဉ်သောကြာနေ့တိုင်း တစ်ပတ်လျှင် တစ်ပွဲနှုန်းဖြင့် ပွဲစဉ် (၁၈) ယှဉ်ပြိုင်သွားမှာ ဖြစ်ပါကြောင်း၊ Grand Final ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို ရွေးချယ်ချီးမြှင့် သွားမှာဖြစ်ပြီး ပထမဆုရရှိသူအား ကျပ်သိန်း (၁၀၀)၊ ဒုတိယဆု ရရှိသူအား ကျပ်သိန်း (၅၀)၊ တတိယဆုရရှိသူအား ကျပ်သိန်း (၃၀)နှင့် နှစ်သိမ့်ဆုရရှိသူ (၇) ဦးအား ကျပ်သိန်း(၂၀)စီ ချီးမြှင့်သွားမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ယနေ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အမှတ်အများဆုံးရရှိသော ပြိုင်ပွဲဝင် (၃)ဦးကို ရွေးချယ်ကာ အုပ်စုပွဲများအလိုက် ယှဉ်ပြိုင်ရမည့် သတ်မှတ်နေ့ရက်များအတိုင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်)သို့ စေလွှတ်သွားမှာဖြစ်ကြောင်း၊ ယခုအဆိုယှဉ်ပြိုင်ပွဲတွင် ရွေးချယ်ခံရသော ပြုင်ပွဲဝင်များအနေဖြင့် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် တိုင်းဒေသကြီး ဂုဏ်ဆောင်နိုင်အောင် ကြိုးစားကြဖို့ မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ “တူယှဉ် နွှဲပျော် ဂီတပွဲတော်” Season-2 တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲစတင်ကာ ပြိုင်ပွဲဝင်တေးသီချင်းဆို ဝါသနာရှင်များက ပြိုင်ပွဲဝင်သီဆိုယှဉ်ပြိုင်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးကာ၊ ပြိုင်ပွဲဝင်များ၏ သီဆိုဖျော်ဖြေမှုကို ဒိုင်အဖွဲ့ဝင်များမှ အကဲဖြတ် စိစစ်ရွှေးချယ်ခဲ့ကြသည်။

ယင်းနောက် “တူယှဉ် နွှဲပျော် ဂီတပွဲတော်” Season-2 တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြု ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်(၃)ဦးနှင့် ပြိုင်ပွဲဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် အတီးပညာရှင်နှင့် အကဲဖြတ်ဒိုင်အဖွဲ့တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးမြင့်ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်ညီညာ