ဘားအံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာများနှင့် ကျောင်းများရှိ စာဖတ်သူများ လက်ဝယ်ရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ဘားအံ  ဩဂုတ်  ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်လာစေရန်နှင့်  စာအုပ် စာပေချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများရှိ စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က (၅)၊ စားသုံးသူရေးရာဦးစီးဌာန၊ အ-ထ-က(၁) ကျောင်းများသို့  အခမဲ့ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ  Mobile Library မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးမှုနှင့်ပတ်သက်၍ အ-ထ-က(၅)မှ Grade-6 မှ ကျောင်းသူတစ်ဦးဖြစ်သည့် မကြည်ပြာလင်းက “သမီးတို့ကြိုက်တဲ့ကာတွန်း စာအုပ်တွေ၊ ရုပ်ပြစာအုပ်တွေ၊ ပုံပြင်စာအုပ်တွေကို ငှားဖတ်ရလို့ ကျေးဇူးတင်ပါတယ်၊ ကျောင်းစာတွေ လုပ်ပြီးသွားရင် သမီးကသမီးကြိုက်တဲ့ ပုံပြင်စာအုပ်လေးတွေကို ဖတ်ရတာဗဟုသုတအများကြီးရရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်ပေါင်း (၂၅၀၀)ခန့် တင်ဆောင်၍ သင်တန်း ကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများသို့ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့ အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ် ပရိသတ်တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် (၂)ပတ်အထိ ငှားရမ်းဖတ်ရှုပြီး (၂)ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ်ငှားရမ်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နေ့စဉ် စာအုပ် စာစောင်အုပ်ရေ (၂၀၀)အုပ်ခန့် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)