တောင်တွင်းကြီး၊ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူးဦးအောင်မြင်က ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများ Maskများ စနစ်တကျ တပ်ဆင်မှုရှိစေရေး၊ တောင်တွင်းကြီးမြို့ မြောက်ဘက်အဝင် ခင်တဲကျေးရွာအနီး၊ တောင်ဘက်အ၀င် ပရပ်ကြယ်၊ ဆတ်သွား၊ ချောင်းနက်တို့တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အလှည့်ကျဆောင်ရွက်သွားရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအတိုင်း စနစ်တကျ စစ်ဆေးဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးဇော်မင်းထွန်း၊ ဦး၀င်းမြင့်လှိုင်၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စည်းကမ်းချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
တောင်တွင်းကြီးမြို့အဝင်၌ ကျန်းမာရေးစစ်ဆေးရေးဂိတ်များကို ယနေ့၌ ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
အေးမိုးမိုးမြင့် (ပြန်/ဆက်)