မင်းလှမြို့နယ်တွင် ချည်မျှင်ရှည်ဝါတိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်စံပြကွက်၊ စမ်းသပ်ကွက် ဧရိယာများအတွက် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးထောက်ပံ့ပေးအပ်

အထက်မင်းလှ ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ချည်မျှင်ရှည်ဝါတိုးချဲ့ ဧရိယာနှင့်မျိုးစေ့ထုတ်စံပြကွက်၊ စမ်းသပ်ကွက်ဧရိယာများအတွက် ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းညွန့်မောင်က ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ချည်မျှင်ရှည်ဝါတိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်စံပြကွက်၊ စမ်းသပ်ကွက် ဧရိယာများအတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးထောက်ပံ့ပေးအပ်ပွဲကျင်းပရာ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဝါစိုက်တောင်သူများထံ ထောက်ပံ့ပေးခဲ့သည်။

မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် ချည်မျှင်‌‌ရှည်ဝါစိုက်ပျိုးမည့်ဧက (မိုး)၃၀၀ဧက၊ မိုးနှောင်း၂၂၀၀၀ဧက၊ စုစုပေါင်း(၂၂၃၀၀)ဧကနှင့် ဝါကြီး(၂၄၄၆)ဧက စုစုပေါင်း (၂၄၇၄၆)ဧက စိုက်ပျိုးမည်ဖြစ်ရာ မိုးနှောင်းချည်မျှင်ရှည်ဝါတိုးချဲ့ဧရိယာ (၈၉၂)ဧကအတွက် ကျေးရွာ(၄)ရွာမှ တောင်သူ(၂၀၃)ဦးထံသို့ တစ်ဧကလျှင်ကွန်ပေါင်းဓာတ်မြေဩဇာ (25 kg) နှုန်းဖြင့် စုစုပေါင်း(၄၄၆) အိတ်၊ ပိုးသတ်ဆေး(၈၉၂)ထုပ်၊ မျိုးစေ့ထုတ်စံပြကွက်(၂၅)ဧကနှင့် ပိဿာတစ်ထောင်ထွက်ရှိရေး စံပြကွက်(၆၀)ဧကအတွက် ကျေးရွာ(၃)ရွာမှ တောင်သူ(၃၀)ဦးထံသို့ ဓာတ်မြေဩဇာ(၈၅)အိတ်နှင့် ပိုးသတ်ဆေး(၈၅)ထုပ်အား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)