ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆီထွက်သီးနှံ မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများ အား စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ကြံခင်း ဩဂုတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆီထွက်သီးနှံ မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင်  “နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေး ဆောင်ရွက်ချက်အားလည်းကောင်း၊ ဆီထွက် သီးနှံအစားထိုး မိုးနေကြာ မျိုးစေ့ထုတ် စိုက်ပျိုးထုတ်လုပ်သော တောင်သူများအား စိုက်ပျိုးမှု အခက်အခဲမရှိစေရန်နှင့် စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်ပျိုးစရိတ် ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ရီရီဆွေက စိုက်ပျိုးစရိတ် ချေးငွေ စည်းမျဉ်း၊ စည်းကမ်းချက်များ၊ ချေးငွေနှုန်းထားနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ် ချေးရေးကာလနှင့် ပြန်လည်ပေးဆပ်ရန် နောက်ဆုံးသတ်မှတ်ရက်များကို ရှင်းလင်းပြောကြား ပြီးနောက် ကြံခင်းမြို့နယ်အတွင်းရှိ မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူ(၆)ဦးအား စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀ဝိ/) နှုန်းဖြင် စိုက်ပျိုးဧက(၆)ဧကအတွက် ငွေကျပ် (၉၀၀၀၀ဝိ/)အား တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်ရီရီဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မိုးနေကြာစိုက်ပျိုးတောင်သူများ တတ်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)