ကျွန်းစု ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အိမ်ခန်းအငှားချထားပေးရေး အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ကျွန်း ရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အိုးအိမ်ဝန်ထမ်းလိုင်းခန်းများ အငှားချထားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန့်က ဝန်ထမ်းအိမ်ရာလျှောက်ထားလာသည့် ဝန်ထမ်းများအတွက် ငှားရမ်းမည့်အိမ်ရာ မလုံလောက်သည့် အတွက် မျှတသော နည်းလမ်းတစ်ခုအား အကြံပြုဆွေးနွေးရန် ပြောကြားခဲ့သည်။
ထို့နောက် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးကျော်မျိုးထက်က အငှားချမည့် အိမ်ခန်းများအား မဲနှိုက် စနစ်ဖြင့် အငှားချမည့် နည်းလမ်းအား ရွေးချယ်ခဲ့ပြီး အိုးအိမ်တိုက်ခန်း လျှောက်ထားသည့် ဝန်ထမ်း (၁၀) ဦးက အသီးသီး မဲနှိုက်ခဲ့ကြသည်။
ကျွန်းစုမြို့တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် အိုးအိမ်တိုက်ခန်း စုစုပေါင်း(၃၆) ခန်းရှိပြီး လက်ရှိတွင်(၅)ခန်းသာ လစ်လပ်လျက်ရှိကြောင်း၊ ကျွန်းစုမြို့တွင် အရပ်ဝေးမှ တာဝန်ထမ်းဆောင်လာသည့် ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန်အတွက် သက်ဆိုင်ရာဌာနများက ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ဘတ်ဂျတ်နှစ်အလိုက် တင်ပြတောင်းခံလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)