ကြံခင်းမြို့တွင် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာမှု ရှိ/မရှိစစ်ဆေး

ကြံခင်း  စက်တင်ဘာ  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် လိုင်စင်ချထား ပေးသော စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိကို ယမန်နေ့နံနက်ပိုင်းက စစ်ဆေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များဖြစ်သည့် ဆိုင်ရှင်နှင့်ဝန်ထမ်းများလိုက်နာရမည့်အချက်(၁၄)ချက်အား လည်းကောင်း၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် အချက်(၇)ချက်အားလည်းကောင်း ပြင်ဆင်ရောင်းချလိုက်နာဆောင်ရွက်မှု ရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းကို ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်တင်မိုးသူအဖွဲ့နှင့် ပူးပေါင်းပြီး ကြပ်မတ်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)