ကော့သောင်း သြဂုတ် ၁၈
နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်းအကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၅၀ ဦး၊ စုစုပေါင်းအလုပ်သမား ၁၇၂ ဦး ယမန်နေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့၊တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွှဲပြောင်း ပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတစ်လျှောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်းရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါးသယ်ဆောင်လာခြင်းရှိမရှိ စစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့် ထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများကို တတိယအကြိမ် Booster ထပ်ဆောင်းထိုးနှံပေးပြီး ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူနှင့် တစ်ကြိမ်သာထိုးနှံထားသူများကို ရောဂါပိုးစစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းမြို့ရှိ Quarantine Center (၃)ခုတွင် အမျိုးသားအမျိုးသမီးသီးခြားစီခွဲခြားထားရှိ အထူးကြပ်မတ်ကာ (၃)ရက် အသွားအလာကန့်သတ်ထားရှိစောင့်ကြည့်စစ်ဆေးပြီး ရောဂါပိုးတွေ့ရှိခြင်း မရှိမှသာ မိမိတို့နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)